1:52 PM

ရယ်စရာတိုထွာ (၃၅)

စာရေးသူ Smilemay

ည ၂-နာရီ လောက်တွင် ဆရာဝန်ကြီး အိမ်ကို ဖုန်းလားသည်။ လူနာအသန်းအသန်ဖြစ်နေလို့ အမြန်ဆုံးလာစေကြောင် ဖုန်းဆက်သူကပြောတယ်။ မဖြစ်ဖြစ်အောင် လာဖို့လဲ သူက အနူးအညွတ်တောင်းပန်တယ်။ ဆရာဝန်ကလည်း ညအချိန်မတော် ဖြစ်နေတာရယ် မိုးအသည်းအသန်ရွာနေတာကြောင့် မသွားချင်းဘူး ပြီးတော့ လူနာအိမ်ကလည်း မြို့စွန်ဘက်ဖြစ်နေသေးတယ်။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး လူတစ်ယောက်ရဲ့ အသက်ကိုကယ်ရမှာ ဖြစ်နေတော့။ လူနာအိမ်ကို ခဲခဲယဉ်းယဉ်းနဲ့ ဆရာဝန်ရောက်လာတော့ အိပ်ရာာပေါ်မှာ ညည်းတွားနေတဲ့ လူကြီး တစ်ယောက်ကို တွေ့တယ်။

“ဒေါက်တာ ကျွန်တော့်ကို ကယ်ပါဦး။ ကျွန်တော့်ကို ကျွန်တော် သေရတော့မယ်လို့ထင်နေတယ်”

“ဘယ်နေရာမှာ နာသလဲ”

“ဘယ်နေရာမှ မနားဘူးခင်ဗျ”

“မတော်တဆ ထိခိုက်ဒဏ်ရာ ဖြစ်ဖူးလားခင်ဗျ”

“မဖြစ်ဖူးဘူး ခင်ဗျ”

လူနာကို ဆရာဝက ခဏ စစ်ဆေးလိုက်ပြီး ၀မ်းနည်းတဲ့အသံနဲ့ ပြောလိုက်တယ်-

“ခင်ဗျား သေတမ်းစာ ရေးပြီးပလား”

“ဒေါက်တာ . . . ဘာလဲ . . . ကျွန်တော် တကယ်ပဲ သေရတော့မယ်လို့ ဆိုလိုတာလား . . . ဟင့်အင်း . . . ဟင့်အင်း . .. ကျွန်တော် မသေချင်သေးဘူး ကျွန်တော့ကို ကယ်ပါဦးဗျ”

“ခင်ဗျားဆီမှာ သားသမီးတွေရှိလား သူတို့ကို ချက်ချင်းခေါ်လိုက်ပါ . . . ပြီးတော့ ဆွေမျိုးတွေကိုပါ ခေါ်ဖို့မမေ့နဲ့”

“ဘုရား . . . ဘုရား . .. ကျွန်တော် တကယ်သေမှာလား ဒေါက်တာရယ်”

“မသေပါဘူး ခင်ဗျားရဲ့ ကျန်းမာရေးက ကျွဲရိုင်းကြီးတစ်ကောင်လို ကောင်းနေသေးတယ် . . . အဲ. . . ဒါပေမယ့် ဒီလို ရာသီဥတုနဲ့ ဒီလိုအချိန်မျိုးမှာ ကျုပ်တစ်ယောက်တည်း အရူးလုပ်ခံတာမျိုး အဖြစ်မခံနိုင်ဘူးဗျ။ နားလည်လား”

1:36 PM

Hans Christian Andersen၏ ပုံပြင်များ

စာရေးသူ Smilemay

အခုတလော အပျင်းကြီးနေတာနဲ့ သူငယ်ချင်းမေလ်းပို့ထားပေးတာတွေပဲ တင်ပေးနေတာ ဒီနေ့တော့နောက်ဆုံးပဲ လက်ကျန်ရှိတော့ဘူး နောက်တော့တော့ စာရိုက်ရတော့မယ် -
တစ်ခါက
ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ်။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။

မေလ်းက သူငယ်ချင်းပို့ထားတာကို ပြန်တင်ပေးတာပါ-

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင် သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။ သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက် ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။ လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း "ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား.. မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့ ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်" လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့ မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏ ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။ သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန် တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို ချည်းကပ်ရမည်ပင်။

10:18 AM

ရယ်စရာတိုထွာ (၃၄)

စာရေးသူ Smilemay

အရူးမဟုတ်ပါ

ဦးနှောက် နည်းနည်းချောင်နေသူကို စိတ်ရောဂါ ကု ဆေးရုံမှ ဆင်းခွင့်ပြုလိုက်တော့ သူ့မိတ်ဆွေတွေက အံ့အားသင့်ပြီး ၀ိုင်းမေကြတာပေါ့-

“ဟေ့ ထုံးကြီး မင်းကို ဘယ်လိုလုပ်ပြီး ဆေးရုံက ဆင်းခွင့်ပြုလိုက်တာလဲကွ”

“ဆေးရုံမှာ စမ်းသပ်မှု တစ်ခုလုပ်တယ် သော့ပေါက်ကနေ ဖြတ်သွားနိုင်တဲ့သူကို ဆေးရုံက ဆင်းခွင့်ပြုမယ်တဲ့။ တစ်ယောက်က ပခုံးကြောင့် ဖြတ်မထွက်နိုင်ဘူး။ နောက်တစ်ယောက်က သော့ပေါက်မှာငြိနေတယ်။ ငါကတော့ မဖြတ်ထွက်ဘူးလို့ ငြင်းလိုက်တယ်”

“ဘာဖြစ်လို့လဲ”

“ငါ အရုးမှ မဟုတ်ပဲ။ တခြားဘက်မှာ သော့ကို သော့ပေါက်မှာ တန်းလန်းချိန်ထားတာ ငါမြင်နေရတာပဲကိုကွ”

တခါတုန်းက စမိုင်းမေ ရပ်ကွက် ယိမ်းအဖွဲ့ သင်္ကြန်ယိမ်းကို ပြောတာနော် ကရင်ဒုံးယိမ်းဟုတ်ဖူးနော် ညနေခင် ဗဟိုမဏ္ဍပ် (စာလုံးပေါင်းမှားနေပါတယ် သိတဲ့သူရှိရင် ပြောပြပါ) မှာ သွားက ပြရမယ်ဆိုတော့ အလှတွေပြင်ပြီး သွားတာပေါ့။ စမိုင်းမေကို အလှပြင်ပေးရင် တအား အလှပြင်ခံချင်တာ။ နေလို့ကောင်းတယ် မျက်လုံးလေးမိတ်ပြီး မိပ်ကပ်လေး ရိုက်ပေးရင် နေလို့ အရမ်းကောင်း။ တခါတလေ အလှပြင်ထားရင် လှတယ်လို့ထင်တတ်ကြတယ် ။ ပြင်တိုင်းလည်း မလှဘူးသိလား။ ညဘက် အိမ်ကို ပြန်ရောက်တော့ တူလေး က အိမ်ရောက်နေတယ် အကိုတို့ သူ့ကလေးထားပြီး လျှောက်လည်ကြတာလေ။ ကလေးက အခုမှ ငယ်ငယ်လေးပဲ၇ှိသေးတယ်။ စမိုင်းမေလည်း ဘယ်ရမလဲ အလှတွေပြင်ထားတော့ ကိုယ့်တူကို ပြချင်တာပေါ့။ မီးကလည်း ပျက်နေတော့ ကလေးက မမြင်ရဘူးလေ ဒါနဲ့ ဖယောင်းတိုင်ယူပြီး မျက်နှာရှေ့ထားပြီး အရီးကိုကြည့် လှလားဆိုပြီးမေးလိုက်တာ . . . အဟဲ့ .. . ကလေးက လှတယ်လို့ ပြောမယ်ထင်လား . . .သရဲတွေ့တဲ့အတိုင်းပဲ ငယ်သံပါအောင်အော်ပြီး အမေဆီကို ပြေးသွားလိုက်တာ . . .

ဂရေ့စ် (ခ) လဇွန်ဆိုင်းဂျာသို့ တမ်းချင်း


ကချင်မလေး
မင်းဟာ ငါ့အဖို့တော့
ဒီလွတ်မြောက်နယ်မြေမှာ
ပထမဆုံး ပွင့်တဲ့ ပန်းကလေးပါပဲ။

ကျေးဇူးတင်တယ်
ကချင်မလေး။

ဒီလွတ်မြောက်နယ်မြေရဲ့
လွမ်းမောဖွယ်တောအုပ်ကလေးတခုမှာ
မင်းဟာ
ငါ ပထမဆုံးဖူးရတဲ့ အလင်းရောင်ပါ။

ကချင်မလေး
မင်း ကချင်စကား မတတ်တော့ဘူး။

ငါက
ချင်းစကား မတတ်တော့တဲ့သူပါ။

ကချင်မလေး
ရန်ကုန်မှာမွေးပြီး
ဗန်ကောက်မှာ ကြီးပြင်းလာတဲ့
မင်းဘ၀မှာ
မေခ - မလိခ မြစ်ဆုံကို
မင်းအိမ်မက် မမက်ဖူးတာ
ငါဝမ်းနည်းမိပါရဲ့။

ငါကတော့
ဟိုး … ရှင်မွေယန်/နန်းယွန်း
ပန်ဆောင်
ဟူးကောင်းတောင်ကြားအထိလွမ်းပြီး
လီဒိုလမ်းမကြီးကို ထမ်းခဲ့ဖူးတဲ့ကောင်ပါ။

စိတ်မဆိုးပါနဲ့ 
ကချင်မလေး။

မင်းမှာ
ကချင်နဲ့ တူတာဆိုလို့
နာမည်ပဲ ကျန်တော့တယ်။

ဒါတောင်
မင်းဟာ တော်လှန်ရေးနယ်မြေတွေကို
သွားတဲ့အခါ
ကရေ့စ် ဖြစ်လိုက်
လဇွန်ဆိုင်းဂျာဖြစ်လိုက်။

ကချင်မလေး
ငါကတော့ မင်းကို
အပြစ်မတင်ပါဘူး။

မင်းဟာ
ငါတို့ရဲ့ တိုင်းရင်းသူပဲ။

ချူလာလောင်ကွမ် တက္ကသိုလ်က
မင်းဘွဲ့ရခဲ့တယ်
ချူလာလောင်ကွမ် တက္ကသိုလ်ရဲ့
ရွှေရောင်နေ့ရက်တွေမှာ
မင်းဟာ
နတ်သမီးကလေးတပါးဖြစ်ခဲ့တယ်။

ဘိဇနက် ပညာနဲ့ဘွဲ့ရခဲ့တဲ့
မင်းဟာ
ငါနဲ့တွေ့တော့
နိုင်ငံတကာက ဒုက္ခသည်တွေကို
ကယ်ဆယ်တဲ့
မေခလာတပါး ဖြစ်နေတယ်။

မင်းအတွက် ဂုဏ်ယူတယ်
ဗန်ကောက်သူ ကချင်မလေး။

မင်းကတော့
လရောင်နဲ့လှတဲ့
ဗန်ကောက်ညတွေမှာ
စိတ်ချလက်ချအိပ်စက်နိုင်တဲ့
ကချင်တိုင်းရင်းသူလေးပေါ့။

ငါတို့ တိုင်းပြည်မှာတော့
မင်းလို တိုင်းရင်းသူလူငယ်တွေဟာ
ည ည
အိပ်လို့ မပျော်နိုင်ကြပါဘူး။

စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေ
အချိန်မရွေး
ဝင်ရောက်စီးနင်း
အတင်းအဓမ္မ
ရိုက်နှက်ဖမ်းဆီး
ခေါ်ဆောင်သွားမှာကို
အမြဲစိုးရိမ်ပူပန်နေရတဲ့ ဘ၀ပေါ့။

ဗန်ကောက်မှာ အနှစ် နှစ်ဆယ်ကျော်
ထောင်ကာ အက ကို
မင်း မကတတ်တော့ဘူး။

ဗန်ကောက်မှာ အမြစ်တွယ်
မနောတိုင်တွေကို
မင်း မချစ်တတ်တော့ဘူး။

ခရစ်စမတ်မှာ
ဝတ်စရာ
မင်းမှာ ရိုးရာဝတ်စုံလည်း မရှိတော့ဘူး။

ဒါပေမဲ့
ငါ မင်းကို လေးစားပါတယ်။

မင်းဟာ
ကချင်တိုင်းရင်းသူတစ်ယောက်
ဖြစ်နေတဲ့အတွက်ကိုပဲ
ငါ တန်ဖိုးထားပါတယ်။

အကယ်၍များ
လွန်ခဲ့တဲ့ နှစ်တွေက
တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့
ကယန်းတော်လှန်ရေး ရဲဘော်မလေး
" အင်နာစတာရှား " တို့လို
စစ်မှန်တဲ့ ပြည်ထောင်စုကြီးအတွက်
အသက်ပေးသွားခဲ့တဲ့
တိုင်းရင်းသားလူငယ်ပေါင်းစုံရဲ့
ရုပ်ပုံလွှာတွေကိုသာ
မင်းသိခဲ့မယ်ဆိုရင် … ။

ဗန်ကောက်က မြန်မာသံရုံးရှေ့မှာ
မင်းကိုယ်တိုင်
ချူလာလောင်ကွမ် တက္ကသိုလ်က
လူငယ်တွေနဲ့ အတူ
မြန်မာစစ်အစိုးရကို
ဆန္ဒပြခဲ့တာထက်
မင်းပိုပြီးလေးနက်လာမှာ အမှန်ပါ။

ငါယုံကြည်ပါတယ်
မင်းကိုမွေးဖွားပေးခဲ့တဲ့
တိုင်းပြည်ရဲ့ကံကြမ္မာကို
မင်းစာနာ နားလည်လိမ့်မယ်လို့
ငါ မျှော်လင့်မိပါရဲ့။

မေခ - မလိခ မြစ်ဆုံမှာ
မင်းရုပ်ပုံကို
ငါရေးထားမယ် ကချင်မလေး။

ဧရာဝတီမြစ်ကမ်းပါးမှာ
မင်းအပြုံးကို
ငါထွင်းထားမယ် ကချင်မလေး။

မြစ်ဝကျွန်းပေါ်
ဘင်္ဂလားပင်လယ်အော်မှာ
မင်းနာမည်ကိုအော်ရင်း
ငါဆက်ပြီး တိုက်ပွဲဝင်သွားမယ် ကချင်မလေး။

တို့ပြန်ဆုံတွေ့ကြမယ့်
နွေဦးသစ်ရဲ့
တနံနက်မှာ
မင်းဝတ်ဖို့ 
ဂျိန်းဖောဝတ်စုံလေးတစ်စုံ
ငါ့ရင်ခုန်သံ
ငါ့ယုံကြည်ချက်
ငါ့လက်နဲ့ 
ငါကိုယ်တိုင်ပေးပရစေ။

ညီမလေးရေ …
လွမ်းတော့လေ။ ။
အောင်ဝေး
http://www.mizzimaburmese.com

သူငယ်ချင်း မေလ်းပို့ထားတာလေးကို ပြန်တင်ပေးလိုက်တာပါရှင့်-

အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ.. ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့ လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့ နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။ ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။